ခံတွင်းသန့်ရှင်းရေးနဲ့ အသိမှားနေသေးတဲ့ ချင်း (ဂျင်း) တချို့
ခံတွင်းသန့်ရှင်းဖို့ဆိုတာ လူမှုဝန်းကျင်ထဲ စကားပြောဆက်ဆံတဲ့အခါ ယုံကြည်မှုပိုတိုးစေဖို့အတွက်တင်မကဘဲ ကျန်းမာရေးအတွက်လည်း အကျိုးများစွာ ရှိစေနိုင်ပါတယ်။ ဒါပေမယ့် လူအများစုက ခံတွင်းသန့်ရှင်းရေးကို လျစ်လျူရှုထားတတ်ကြသလို ခံတွင်းသန့်ရှင်းရေးနဲ့ ပတ်သက်ပြီး တော်တော်များများကို မှားသိထားတာတွေ ရှိပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်ဆောင်းပါးမှာ လူအများစု မှားသိထားကြတဲ့ ချင်း (ဂျင်း) တွေကို ပြောပြရင်း ဖြေရှင်းပေးသွားချင်ပါတယ်ခင်ဗျာ။
ဂျင်း (၁) - ကြမ်းကြမ်းသွားတိုက်ရင် ပိုပြီးသန့်ရှင်းစေတယ်။
လုံးဝမဟုတ်ပါဘူး။ သွားကြွေလွှာဟာ အင်မတန်နူးညံ့တဲ့အတွက် ကိုယ်က ကြမ်းကြမ်းတမ်းတမ်း သွားတိုက်လိုက်ပြီဆိုရင် ဒီကြွေလွှာတွေနဲ့ အောက်မှာရှိနေတဲ့ သွားဖုံးတစ်ရှူးတွေကို ဒဏ်ဖြစ်စေပါတယ်။ အဲဒီကနေ ကြွေလွှာပါးလာတာ၊ သွားဖုံးသွေးယိုစီးတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နူးညံ့တဲ့အမွေးပါတဲ့ သွားတိုက်တံနဲ့ နှစ်မိနစ်လောက်ပဲ အများဆုံး သွားတိုက်ပေးသင့်ပါတယ်။
ဂျင်း (၂) - သွားပွတ်ကြိုး (Floss) သုံးဖို့ လုံးဝမလိုအပ်ဘူး။
မြန်မာနိုင်ငံမှာတော့ သွားပွတ်ကြိုးနဲ့ သန့်ရှင်းရေးလုပ်တဲ့သူတွေ တော်တော်လေး နည်းတယ်လို့ ဆိုရမှာပါ။ တကယ်တမ်း အစာစားလိုက်တာကနေ သွားအတွင်းထဲထိ စားကြွင်းစားကျန်တွေ ကျန်ခဲ့တဲ့အခါ သွားတိုက်ရင်းနဲ့ ဘယ်လိုမှ သန့်ရှင်းရေးလုပ်လို့ မရနိုင်ပါဘူး။ ဒီလိုအတွင်းထဲထိရောက်နေတဲ့ အကြွင်းအကျန်တွေကို သန့်ရှင်းရေးလုပ်ဖို့ Floss က လိုအပ်ပါတယ်။
ဂျင်း (၃) - သွားဖုံးသွေးယိုစီးတာက ပုံမှန်ပဲ။
အကြောင်းရင်းလည်းမရှိဘဲ အလိုလိုနေရင်း သွားဖုံးကနေ သွေးထွက်တာ၊ သွားတိုက်ရင်းနဲ့ ရောင်နေတဲ့ သွားဖုံးကို ထိခိုက်မိတာကြောင့် သွေးထွက်တာတွေဟာ သွားဖုံးရောဂါ ဖြစ်နေတာ၊ ရေစီးကမ်းပြိုလိုက်တာ၊ သွားကျောက်တည်နေတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
ဂျင်း (၄) - ဖြူဖွေးတဲ့သွားတွေဟာ ကျန်းမာတဲ့ သွားတွေဖြစ်တယ်။
ပုံမှန်အားဖြင့် လူတစ်ယောက်ရဲ့ သဘာဝသွားအရောင်ဟာ အဖြူရောင်ထက်စာရင် အဝါဖျော့ရောင်ဘက်ကို အနည်းငယ်သမ်းပါတယ်။ သွားဖြူနေခြင်းဟာ တခြားလေဆာကုထုံး၊ သွားဖြူဆေးထည့်တာ၊ သွားအစွပ်စွပ်တာတွေကြောင့် ဖြစ်နိုင်ပြီး ကျန်းမာနေတယ်လို့ တရားသေယူဆထားလို့ မရပါဘူး။
ဂျင်း (၅) - ဘယ်သွားတိုက်ဆေးမဆို သုံးလို့ရတယ်။
စျေးကွက်ထဲမှာ သွားတိုက်ဆေးတံဆိပ်ပေါင်းစုံ ရောင်းနေကြတယ်ဆိုပေမယ့် တကယ်တမ်း ကိုယ့်သွားကျန်းမာရေးနဲ့ ခံတွင်းသန့်ရှင်းရေးအတွက် Fluoride ပါတဲ့ သွားတိုက်ဆေးကိုသာ အဓိကရွေးချယ်သင့်ပါတယ်။
ဂျင်း (၆) - သကြားက သွားပိုးပေါက်ကို ဖြစ်စေတယ်။
အတိအကျပြောရမယ်ဆိုရင် သကြားကြောင့် သွားပိုးပေါက်ကို မဖြစ်စေပါဘူး။ သကြား၊ အချိုစားပြီးတဲ့အခါ အဲဒီအချိုဓာတ်တွေက သွားကြားထဲမှာ ကျန်ခဲ့ပြီး သေချာသန့်ရှင်းရေးမလုပ်ဘူးဆိုရင် ဘက်တီးရီးယားပိုးမွှားတွေက သွားကြားထဲ ပေါက်ဖွားပြီး ပိုးပေါက်တွေဖြစ်စေကာ သွားပိုးစားလာစေတာပဲ ဖြစ်ပါတယ်။
ဂျင်း (၇) - သွားဆေးခန်းကို ပုံမှန်ပြစရာမလိုအပ်ဘူး။
သွားဆေးခန်းကို (၆) လ တစ်ကြိမ် ပုံမှန်ပြသခြင်းဟာ သွားနဲ့ခံတွင်းမှာ ပုံမှန်မဟုတ်တဲ့ ကျန်းမာရေးပြဿနာ တစ်ခုခုရှိမရှိ ကြိုတင်စစ်ဆေးနိုင်ဖို့၊ သွားကျောက်တွေ ခြစ်ချဖို့နဲ့ အတွင်းထဲထိ သွားသန့်ရှင်းပေးဖို့အတွက် ဖြစ်ပါတယ်။ ဒီအတွက် သွားဆေးခန်း ပုံမှန်သွားမပြဘူးဆိုရင်တော့ အထဲမှာ ရောဂါပိုးမွှားပေါင်းစုံ ခိုအောင်းနေရာကနေ ကိုယ့်အတွက် ကျန်းမာရေးပြဿနာတွေ အမြစ်တွယ်လာနိုင်ပါတယ်။
ဂျင်း (၈) - ခံတွင်းကျန်းမာရေးက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးနဲ့ မသက်ဆိုင်ဘူး။
ခံတွင်းဟာလည်း ကိုယ်ခန္ဓာအစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်လို့ ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေပြီဆိုရင် ကျန်တဲ့ အစိတ်အပိုင်းတွေအားလုံးကိုလည်း သွားပြီး အရှိန်ရိုက်ခတ်နိုင်ပါတယ်။ အထူးသဖြင့် ခံတွင်းထဲက ဘက်တီးရီးယားပိုးမွှားတွေက သွေးကြောထဲကနေတစ်ဆင့် တခြားကိုယ်တွင်းအင်္ဂါတွေဆီ ပြန့်သွားတာ၊ ကိုယ်ခံအားစနစ်ကို ကျဆင်းစေပြီး နေမကောင်း၊ ရောဂါဖြစ်လွယ်စေတာ စတာတွေလည်း ဖြစ်နိုင်ပါတယ်။
သင်ကိုယ်တိုင်ရော အခုပြောပြခဲ့တဲ့ ဂျင်းတွေထဲက ဘယ်နှစ်ခုလောက်ကို မှားလုပ်နေခဲ့ပြီးပြီလဲ? စောစီးစွာ ဒါတွေကို သိထားမယ်ဆိုရင် ကိုယ့်ခံတွင်းကျန်းမာရေးအတွက် မဖြစ်သင့်တာတွေ မဖြစ်ရအောင် ကြိုတင်ကာကွယ်ဖို့ အခုကတည်းက နေထိုင်စားသောက်မှုပုံစံတွေကို ပြင်ဆင်သင့်နေပါပြီ။
ရဲမျိုးမြတ်